Skip to content
Min Than Htut
Home » My Insights » အရည်အသွေးကောင်းတိုင်း ရောင်းရမှာလား။ အရည်အသွေးဆိုတာ ဘာကိုပြောတာလဲ။

အရည်အသွေးကောင်းတိုင်း ရောင်းရမှာလား။ အရည်အသွေးဆိုတာ ဘာကိုပြောတာလဲ။

အရည်အသွေးကောင်းတိုင်း ရောင်းရမှာလား။ 🤔 

ပစ္စည်းတွေဝယ်တဲ့အခါ အရည်အသွေးကောင််းတာလေးကို ရှာလေ့ရှိကြတယ်မဟုတ်လား။ 

ဈေးကွက်ထဲမှာ အောင်မြင်ဖို့ဆိုရင် အရည်အသွေးဟာ အရေးကြီးတယ်။ 

ကျွန်တော်၊ ကျွန်မတို့ရဲ့ လုပ်ငန်းကတော့ အရည်အသွေးကောင်းအောင်လုပ်ပြီး ယှဥ်ပြိုင်တယ်။ ယှဥ်ပြိုင်နေပါတယ် စသည်ဖြင့် ပြောလေ့ရှိကြတယ် မဟုတ်လား။ 

ဒါဆို အရည်အသွေးဆိုတာ ဘာကို ပြောတာလဲ။ 

ပန်းချီကား တစ်ချပ်ရဲ့ အရည်အသွေးကို ဘယ်လို တိုင်းတာမလဲ။ ဖုန်းတစ်လုံးရဲ့ အရည်အသွေးကောင်းတယ်ဆိုတာ ဘာကို ပြောတာလဲ။ သင်တန်းတစ်ခုရဲ့ အရည်အသွေးကို ဘယ်လိုတိုင်းမလဲ။

တကယ်လို့ ကိုယ်က အရည်အသွေးကို ဦးစားပေး ကောင်းအောင်လုပ်ပြီး ယှဥ်ပြိုင်မယ်လို့ စဥ်းစားရင် အရည်အသွေးနဲ့ ပတ်သက်တဲ့ မတူညီတဲ့ အဓိပါယ် ဖွင့်ဆိုချက်တွေကို နားလည်ရမှာ ဖြစ်ပါတယ်။ 

  • ➡️ ခံစားချက်၊ အတွေ့အကြုံပေါ်မှီတည်တဲ့ အရည်အသွေး

ပန်းချီကား တစ်ချပ်ရဲ့ အရည်အသွေး ဘယ်လောက်ကောင်းတယ်ဆိုတာ တော်တော်များများကတော့ ကိုယ်ရတဲ့ ခံစားချက်ပေါ်မှာ မူတည်ပြီး ပြောကြမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တခါတလေ အရည်အသွေးဆိုတာ ခံစားလိုက်ရတဲ့ ခံစားချက်၊ အတွေ့အကြုံပေါ်မှာ မူတည်ပြီးတိုင်းတဲ့ ရှုထောင့်ကနေ တိုင်းကြတယ်။ 

  • ➡️ ထုတ်ကုန်ပေါ်မှာ အခြေခံတဲ့ အရည်အသွေး 

ဒါကတော့ ရှင်းပါတယ်။ ဝယ်ယူလိုက်တဲ့ ပစ္စည်းမှာ ပါဝင်တဲ့ အင်္ဂါရပ်တွေပေါ်မှာ မူတည်ပြီး တိုင်းတာတာမျိုး ဖြစ်ပါတယ်။ 

  • ➡️ သုံးစွဲသူက သတ်မှတ်တဲ့ အရည်အသွေး 

ပစ္စည်းတစ်ခုကို တကယ်လက်တွေ့ သုံးစွဲနေတဲ့ လူကိုယ်တိုင်က သတ်မှတ်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ သူ သုံးစွဲနေတဲ့ အချိန်မှာ အများဆုံးရလိုက်တဲ့ စိတ်ကျေနပ်မှုပေါ်မှာ အခြေခံပြီးတိုင်းတာမျိုး။ သူဒီပစ္စည်း ဒီ Brand တစ်ခုပေါ်မှာ ဘယ်လို မြင်သလဲ။ လူတစ်ဦးတစ်ချင်းစီရဲ့ ခံယူထားတဲ့ ခံယူချက်ပေါ်မှာ မူတည်ပြီး တိုင်းတာတာမျိုးဖြစ်ပါတယ်။ 

  • ➡️ ထုတ်လုပ်မှုစွမ်းရည်ကို အခြေခံပြီး သတ်မှတ်တဲ့ အရည်အသွေး

ဒီတစ်ခုကျတော့ အပေါ်က တစ်ခုနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ ထုတ်လုပ်မှု စွမ်းအားဘက်ကနေတိုင်းတာမျိုး။ကုန်ကျစရိတ်ဘယ်လောက် သက်သာသွားမလဲ ဆိုတာမျိုး။ အချိန်ကုန် ဘယ်လောက်သက်သာမလဲ ဆိုတာမျိုးတွေကတော့ ဒီရှုထောင့်ကနေတိုင်းတဲ့ အရည်အသွေးဖြစ်ပါတယ်။ 

  • ➡️ အသားတင် တန်ဖိုးကို အခြေခံတဲ့ အရည်အသွေး 

ဒီသဘောတရားကတော့ ဝယ်သူ၊ သုံးစွဲသူဟာ သူပေးလိုက်ရတဲ့ ကုန်ကျစရိတ် (ငွေကြေး၊ အချိန်၊ အင်အား၊ စိတ်ခွန်အား) စတာတွေနဲ့ သူရတဲ့ အကျိုးရလာဒ်ကို ချိန်ထိုးပြီး အကျိုးရလာဒ်က ပိုနေရင် အရည်အသွေးကောင်းတယ်လို့ ယူဆတဲ့ ရှုထောင့်မျိုး ဖြစ်ပါတယ်။ 

ဒီတော့ ကိုယ်က အရည်အသွေး ကောင်းပါတယ်လို့ ပြောပြီးရောင်းချင်ရင် ဘယ်အမျိုးအစားကို ရည်ညွှန်းတယ်ဆိုတာ ကိုယ်တိုင်ရှင်းလင်းဖို့လိုတယ်။ 

ဒီထက်ပိုပြီး စဥ်းစားသင့်တာကတော့ ကိုယ်ရဲ့ ဝယ်သူတွေဟာ ဘယ်လို ရှုထောင့်ကနေ အရည်အသွေးကို တိုင်းနေကြသလဲ ဆိုတာဖြစ်ပါတယ်။  

ဝယ်သူက အရည်အသွေးကောင်းတယ်လို့ထင်မြင်သွားပြီဆိုရင် ဈေးကောင်းကောင်းပေးလေ့ရှိပါတယ်။ 

ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လို အရည်အသွေးကောင်းကောင်းတွေ ပေးမလဲ စဥ်းစားကြည့်ရအောင်။ 

Sharing is Sexy