Skip to content
Min Than Htut
Home » My Insights » Confirmation Bias နဲ့ Targeting (ပစ်မှတ်ဈေးကွက်ရွေးချယ်ခြင်း)

Confirmation Bias နဲ့ Targeting (ပစ်မှတ်ဈေးကွက်ရွေးချယ်ခြင်း)

Confirmation Bias နဲ့ Targeting

Confirmation Bias နဲ့ Targeting (ပစ်မှတ်ဈေးကွက်ရွေးချယ်ခြင်း) – လမ်းသွားရင်းနဲ့ ကိုယ်စီးနေကျကားနဲ့ တူတဲ့ ကားမျိုးတွေကိုပိုသတိထားမိတာမျိုး၊ ကိုယ်သုံးနေကျ၊ ဝတ်နေကျ အမှတ်တံဆိပ်တွေကို ပိုပြီး သတိထားမိတာမျိုးတွေ ဖြစ်ဖူးလား။ ဆိုရှယ်မီဒီယာမှာ ကိုယ်နဲ့ သဘောတူတဲ့ ပိုစ့်တွေကို Reaction ပေးတာ၊ ကွန့်မန့်တွေကို Reaction ပေးတာ၊ ရှဲကြတာ၊ တခါတလေ Screenshot တွေပါ ရိုက်ယူထားမိတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ (ဆိုရှယ်မီယာရဲ့ Alogrithm Trap အကြောင်းကို အရင်ပိုစ့်တွေမှာ ရေးခဲ့ဖူးပါတယ်။) 

ကျွန်တော်တို့ လူတွေမှာ ငါမှန်ပါတယ်ဆိုတဲ့ ခံစားချက်၊ ငါက အသိုင်းအဝိုင်းတခုမှာ ပါဝင်နေပါတယ်ဆိုတဲ့ ခံစားချက်၊ ငါ့လိုတွေးနေတဲ့လူတွေရှိနေပါလားဆိုတဲ့ ခံစားချက်ကို လိုချင်ကြပါတယ်။ ငါနဲ့တူတဲ့ လူတွေရှိနေသေးပါလားပေါ့။ အဲဒီခံစားချက်က ကျွန်တော်တို့ကို နေသာထိုင်သာ ဖြစ်စေပါတယ်။ အဲတော့ ကျွန်တော်တို့ ဘာလုပ်လဲဆိုရင် ကိုယ်အတွေးနဲ့၊ ကိုယ့်ရဲ့ခံယူချက်၊ အယူအဆ၊ လုပ်ရပ်တူတာမျိုးတွေကို လိုက်ရှာကြတယ်။ ဒါကို Social Scienstist တွေက confirmation bias လို့ပြောပါတယ်။ 

လူတိုင်းမှာ ဘဝဖြတ်သန်းမှုအရ ယုံကြည်ထား၊ လက်ခံထားကြတဲ့ ယုံကြည်မှုတွေ၊ အတွေးအမြင်တွေ၊ လက်ရှိကြုံနေရတဲ့ အခြေအနေအရ တွေးနေ၊မြင်နေ၊ ဖြစ်နေကြတဲ့အရာတွေရှိတယ်။ အဲဒါတွေကို သက်သေထူပြဖို့အတွက် ကျွန်တော်တို့ ကြိုးစားကြတာမျိုးပေါ့။  ဆိုတော့ ဒီလို Confirmation Bias တွေကို ကျွန်တော်တို့ မားကက်တင်းအတွက်၊ အရောင်းပိုင်းအတွက် ဘယ်လိုသုံးနိုင်မလဲ။ 

မားကက်တင်းဗျူဟာအပိုင်းမှာ Targeting (ပစ်မှတ်ဈေးကွက်ရေးချယ်ခြင်း) ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ပစ်မှတ်ထားထားတဲ့ဈေးကွက်မှားရင် ဆုံးရှုံးမှုကြီးတယ်။ ပစ်မှတ်မရွေးခင်မှာ ဈေးကွက်ကို ပိုင်းခြားတဲ့ လုပ်ငန်းစဥ်ကို လုပ်ကြရတယ်။ ဈေးကွက်ပိုင်းခြားတဲ့နေရာမှာ 

၁. နေရာ၊ 

၂. လူဦးရေ စာရင်းဇယားတွေ (အသက်အရွက်၊ ဝင်ငွေ၊ ပညာရေးအခြေအနေ၊ မိသားစုအရေအတွက်၊ အလုပ်အကိုင်. စသည်ဖြင့်)၊ 

၃. စိတ်ပိုင်းဆိုင်ရာအချက်အလက်တွေ 

၄. အပြုအမူ (အကျိုးရလာဒ်ရှာဖွေခြင်းနှင့် နှင့် အသုံးပြုမှု) 

ဒီအချက်လေးချက်ပေါ်မှာ မူတည်ပြီးတော့ ဈေးကွက်ကို ပိုင်းခြားကြပါတယ်။ 

စိတ်ပိုင်းဆိုင်ရာအချက်အလက်တွေကို ကြည့်တဲ့အခါမှာ လူတစ်ဦးချင်စီရဲ့ စိတ်ပိုင်းဆိုင်ရာ သဘောတရား နှင့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေကို အခြေခံပြီးတော့ စဥ်းစားကြပါတယ်။ Confirmation Bias သည် လူတစ်ဦးချင်းစီနဲ့လဲ​သက်ဆိုင်သလို Social Influence နဲ့ ပတ်သက်တယ်။ ကိုယ်တိုင်မှန်ချင်သလို အများသူငါကြားမှာလဲ ဝင်ဆံ့ချင်တဲ့ ပုံစံမျိုးလို့ ပြောလို့ရပါတယ်။ 

ဒီတော့ Confirmation Bais က ဘာပြောလဲ။ 

လူတွေသည် သူတို့ ယုံကြည်ပြီးသား ဖြစ်ရပ်တွေ၊ လုပ်ရပ်တွေ၊ အတွေးတွေ၊ လက်ရှိကြုံတွေ့နေရတဲ့ ခံစားချက်ပေါ်မှာ မူတည်ပြီးတော့ Confirm လုပ်ဖို့အတွက် တူညီတဲ့အရာတွေ၊ အထောက်အပံ့ဖြစ်စေမယ့်အရာကို ရှာကြတယ်။ မားကက်တင်းသမားတွေဟာ ဘာလုပ်သင့်လဲဆိုရင် ကိုယ့်ရွေးချယ်မယ့် ဈေးကွက်က လူတွေရဲ့ယုံကြည်မှုတွေ၊ အတွေးတွေ၊ ခံစားနေကြရဲ့ ခံစားချက်တွေကို သိအောင် ကြိုးစားသင့်တယ်။ 

နောက်တစ်ခုဟာ လူတိုင်းဟာ ကိုယ့်ပရိတ်သတ်၊ ဝယ်သူ၊ ဖောက်သည်မဟုတ်ဘူး။ မဖြစ်နိုင်ဘူးဆိုတာကိုလဲ လက်ခံထားဖို့လိုပါတယ်။ ကိုယ့်အမှတ်တံဆိပ်ရဲ့ ရပ်တည်ချက်၊ ကိုယ့်အမှတ်တံဆိပ်ကပေးမယ့် အကျိုးကျေးဇူးတွေကိုသာရှာဖွေနေတဲ့ ဈေးကွက်မျိုးထဲကို အရင်ဝင်ဖို့ကြိုးစားသင့်တာဖြစ်ပါတယ်။

ဆိုလိုတာက ကိုယ့်ရောင်းကုန်၊ ကိုယ့်အမှတ်တံဆိပ်ကို နားလည်ဖို့လဲ မကြိုးစား၊ အကန်ကြီးလုပ်နေမယ့် လူတွေကို ဆွဲဆောင်မယ်လို့ စဥ်းစားမယ့်အစား ကိုယ့်ရောင်းကုန်ရဲ့ ရပ်တည်ချက်၊ ပေးမယ့်အကျိုးကျေးဇူးကို တန်ဖိုးထားတဲ့ လူတွေကို အချိန်ပိုပေးဖို့ အာရုံပိုစိုက်ဖို့ လုပ်သင့်တယ်။ 

ဘာလို့လဲဆိုရင် Impression တစ်ခုဟာ ဖျောက်ဖျက်ရခက်တယ်။ လူတစ်ယောက်ကို ဒီလူဟာ ဘယ်လိုလူမျိုးပါဆိုပြီးတော့ ယုံကြည်နေရင် အဲဒီအမြင်ကို ပြောင်းရတာ တော်တော်ခက်ပါတယ်။ လုပ်လို့မရဘူးတော့မဟုတ်ဘူး။ အချိန်တော်တော်ပေးရတတ်တယ်။ 

လုပ်ငန်းအနေနဲ့ ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်ဟာ အကန့်အသတ်ရှိတယ်။ ဒါကြောင့် လူအားလုံးကြိုက်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကမ္ဘာကျော် အမှတ်တံဆိပ်တွေတောင်မှ Rejectors တွေရှိတယ်။  ဒါကြောင့် ဈေးကွက်ရွေးတဲ့အခါမှာ Confirmation Bias သဘောကို နားလည်ပြီးတော့ ကိုယ့်လုပ်ငန်းရဲ့ တန်ဖိုး၊ ပေးမယ့်အကျိုးကျေးဇူးကို လိုတဲ့ လူတွေကို ရည်ရွယ်တာ ပိုကောင်းပါတယ်။ 

“ကျွန်တော်တို့ လုပ်ရပ်တွေဟာ ရှုထောင့် တစ်ခုခုမှာတော့ မှားနေလိမ့်မယ်။ အဲဒါကိုက လောကကြီးပါဘဲ။” 

ကိုယ်တိုင်ဂုဏ်ယူရပြီး အများအတွက် အကျိုးရှိတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ကြပါစို့။ 

Sharing is Sexy