Skip to content
Min Than Htut
Home » My Insights » 2023 နဲ့ နောက်ပိုင်း မားကက်တင်း နဲ့ အရောင်းဗျူဟာများ

2023 နဲ့ နောက်ပိုင်း မားကက်တင်း နဲ့ အရောင်းဗျူဟာများ

ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ ပြိုင်ဆိုင်တဲ့ပုံစံ၊ စီးပွားရေးအခင်းအကျင်း၊ ဝယ်သူတွေရဲ့ ဝယ်ယူတဲ့ပုံစံတွေပြောင်းလာကြတယ်။ လုပ်ငန်းတွေအနေနဲ့ ဆက်လက်ယှဥ်ပြိုင်နိုင်ဖို့အတွက်၊ ရပ်တည်နိုင်ဖို့၊ အောင်မြင်ဖို့အတွက် လုပ်သင့်တဲ့ နည်းလမ်းတွေကို Better Version စာဖတ် ပရိတ်သတ်အတွက် မျှဝေပေးပါမယ်။

ဒီနည်းလမ်းတွေအကုန်လုံးကို မလုပ်နိုင်သေးရင်တောင် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့်နည်းလမ်းတွေကို စပြီး အကောင်အထည်ဖော်ထားသင့်တာဖြစ်ပါတယ်။

၁) ဝယ်သူဦးစားပေး သီးသန့်စီစဥ်ပေးခြင်း

အခုခေတ်မှာလုပ်ငန်းရဲ့ ဝယ်သူတွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ရယူနိုင်ဖို့အတွက် အရင်ကထက်ပိုပြီးလွယ်ကူလာပါတယ်။ သာမာန် Excel လောက်သုံးပြီး မှတ်တမ်းတင်ထားတာမျိုးကနေ CRM Software တွေသုံးတဲ့အထိ စဥ်းစားလို့ရတယ်။

ကိုယ့်လုပ်ငန်းမှာရှိနေတဲ့ အချက်အလက်တွေကနေ ရနိုင်တယ်။ ပြင်ပမှာ ဖြစ်နေတဲ့ ဝယ်သူတွေရဲ့ စကားသံတွေကို သေချာနားထောင်နိုင်ဖို့ လိုပါတယ်။ မတူညီတဲ့ ဝယ်သူတွေကို မတူညီတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှု၊ ကမ်းလှမ်းချက်တွေလုပ်ဆောင်နိုင်မယ်ဆိုရင် ဝယ်သူ-ထုတ်ကုန် ကိုက်ညီမှုပိုရှိလာပြီးတော့ ရောင်းအားတိုးနိုင်မှာဖြစ်ပါတယ်။

၂) နေရာတိုင်းရနိုင်အောင် ဆောင်ရွက်ခြင်

ကိုယ့်ဝယ်သူတွေရှိနေနိုင်တဲ့နေရာတိုင်းမှာ ရှိနေနိုင်အောင် အားထုတ်သင့်တယ်။ အွန်လိုင်း နဲ့ မြေပြင် အချိတ်အဆက်ကောင်းကောင်းလုပ်ထားနိုင်ရမယ်။ အီးမေးလ်နဲ့ မေးမလား။ ဖုန်းဆက်မလား။ ခြက်မလား။ လူကိုယ်တိုင် ဆိုင်လာ၊ ရုံးလာပြီး ဝယ်မလား။ App သို့မဟုတ် ဝက်ဆိုဒ်မှာ အေးဆေးရှာပြီးမှ ဆိုင်မှာဝယ်မလား။ ဆိုင်မှာ အေးဆေးလာကြည့်ပြီးမှ အွန်လိုင်းကနေဝယ်မလား။ ဘယ်လိုနည်းလမ်းနဲ့ မဆို ကိုယ့်ကို သိနေအောင်၊ ရှာရလွယ်အောင်၊ မေးရလွယ်အောင်၊ ဝယ်ရလွယ်အောင် စီစဥ်ပြီး ရောင်းနိုင်ဖို့ ကြိုးစားပြင်ဆင်ပါ။

၃) အေအိုင် အသုံးပြုထားတဲ့ အရောင်းကိရိယာတွေ သုံး

အေအိုင်လို့ ပြောလိုက်ရင် နားလည်မှုလွဲနေတာလေးတွေရှိတယ်။ တချို့က Developer ဖြစ်မှဘဲ ဒါတွေသုံးလို့ရမယ်ဆိုတာမျိုး ထင်နေကြတာလဲရှိတယ်။ တကယ်တော့ လုပ်ထားပြီးသား၊ အသင့်ယူသုံးလို့ရတဲ့ Tools တွေရှိနေပါတယ်။ တော်တော်များများသိကြတဲ့ ChapGPT လိုမျိုး Tools ကိုသုံးကြည့်တာကနေ၊ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် ပိုက်ဆံပေးသုံးလို့ရတဲ့ Tools တွေကို အသုံးပြုပြီးတော့ ဝယ်သူကို အကြံပေးတာ၊ ကူညီဖြေကြားပေးတာ၊ ဝန်ဆောင်မှုပေးတာတွေအပြင် ကိုယ်စိတ်ကူးရှိရင်ရှိသလို သုံးလို့ရနိုင်ပါတယ်။ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေကိုယ်တိုင် အချိန်ပေးပြီး လေ့လာဆည်းပူးဖို့တော့လိုပါမယ်။

၄) ကွန့်တန့် မားကက်တင်းနှင်း ဈေးကွက်ခေါင်းဆောင်မှု နေရာယူခြင်

“Content is King” ဆိုတဲ့ စကားလုံးကို Bill Gates ကပြောခဲ့တယ်လို့ မှတ်သားဖူးတယ်။ IT နည်းပညာတွေ စပြီး တိုးတက်ဖွံဖြိုးမှုအချိန်ကတည်းက ပြောခဲ့တာ အခုချိန်ထိလဲ မှန်နေတုန်းဘဲ။ ကိုယ့်လုပ်ငန်းရဲ့ ပုံရိပ်ကို တည်ဆောက်ဖို့၊ ကိုယ့်ရောင်းကုန်၊ ကမ်းလှမ်းချက်တွေကို ပစ်မှတ်ထားထားတဲ့ ဝယ်သူတွေ သိအောင်၊ သဘောကျလာအောင်၊ ဝယ်ဖြစ်သွားအောင်လုပ်ဖို့အတွက် ကွန့်တန့် မားကက်တင်းက အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်လာတယ်။

ကွန့်တန့် မားကက်တင်း ကို စနစ်တကျ၊ စဥ်ဆက်မပြတ် တစိုက်မတ်မတ် လုပ်သွားမယ်ဆိုရင်ပစ်မှတ်ထားထားတဲ့ ဈေးကွက်ထဲမှာ ခေါင်းဆောင်၊ လွှမ်းမိုးမှုရှိတဲ့ လူ၊ လုပ်ငန်းအဖြစ် ရပ်တည်လာနိုင်မယ်။

၅) လူမှုကွန်ယက် အရောင်းစနစ်

ဆိုရှယ်မီဒီယာနဲ့ ကင်းသူရယ်လို့ ရှားလာပါတယ်။ အင်တာနက်သုံးသူတိုင်းမှာ ဆိုရှယ်မီဒီယာ တစ်ခုမဟုတ် တစ်ခုတော့ သုံးကြမှာဘဲ။ Facebook သုံးချင်မှ သုံးမယ်။ ဒါပေမယ့် Youtube ပုံမှန်ကြည့်တဲ့လူမျိုးတွေလဲ ရှိမယ်။ ဘာလိုလာသလဲဆိုရင် ကိုယ့်ပစ်မှတ် ဝယ်သူတွေ သုံးလေ့ရှိတယ် ပလက်ဖောင်းတွေအကြောင်းကို သိရမယ်။ သူတို့ ဘယ်လိုတွေ သုံးလေ့ရှိကြသလဲ သိရမယ်။ ပြီးရင် ကိုယ့်ရောင်းကုန်၊ ကမ်းလှမ်းချက်၊ဝန်ဆောင်မှုတွေကို ကိုက်ညီမှုရှိတဲ့ ကွန့်တန့်ပုံစံတွေပြင်ပြီးတော့ တင်ဆက်ပြီး လူမှုကွန်ယက်မှာ ရောင်းချနိုင်မယ့် စနစ်မျိုးလဲ ရှိသင့်တယ်။

၆) ဗီဒီယိုနဲ့ အစမ်းသုံးပြ ရှင်းပြ ရောင်းချခြင်း

အထူးသဖြင့် Software လိုမျိုး၊ စက်ပစ္စည်းလိုမျိုး၊ မိတ်ကပ်လိုမျိုး ရောင်းချရင် ဗီဒီယို နဲ့ ရှင်းလင်းပြောပြ ရောင်းချတဲ့ စနစ်မျိုးစဥ်းစားထားသင့်တယ်။ ပြောပြ ရောင်းချ ရှင်းလင်းပြမယ့် လူကိုလဲ သေချာ လေ့ကျင့်သင်ကြားပေးထားတာမျိုး လုပ်ထားသင့်တယ်။

၇) တန်ဖိုးထားမှု အခြေပြု ရောင်းချခြင်း

များသောအားဖြင့် ထုတ်ကုန်အကြောင်း၊ ကိုယ့်ရောင်းကုန်အကြောင်း ပြောကြတဲ့အခါ၊ ဈေးနှုန်းသတ်မှတ်ကြတာ၊ ကြော်ငြာ လုပ်ကြတဲ့အခါ၊ လူတွေ့ ရောင်းချကြတဲ့အခါမျိုးတွေမှာ ပစ္စည်းရဲ့ အင်္ဂါရပ်တွေကို ဦးစားပေး စဥ်စားကြတယ်။ ပြောကြတယ်။ ကိုယ့်ပစ္စည်းကို ဝယ်ယူလိုက်ခြင်းအားဖြင့် ဝယ်သူရသွားမယ့် တန်ဖိုးကို အခြေပြုပြီးတော့ လုပ်မယ်ဆိုရင် ပြောဆိုတင်ဆက်တဲ့အခါမှာ ပိုထိရောက်မယ်။ ဈေးနှုန်းသတ်မှတ်ချက်ပိုမှန်မယ်။ ရသင့်ရထိုက်တဲ့ အမြတ်အစွန်းပိုယူနိုင်မယ်။ အမှတ်တံဆိပ် တည်ဆောက်တဲ့နေရာမှာလဲ အထောက်အကူပြုတယ်။ တန်ဖိုးထားမှု အခြေပြုတဲ့ ရောင်းချတဲ့ ပုံစံ ဖြစ်အောင် ဆောင်ရွက်ပါ။ ဝန်ထမ်းတွေကိုလေ့ကျင့်သင်ကြားပေးပါ။

၈) ကွန်ယက် တည်ဆောက်ခြင်း

လုပ်ငန်းတစ်ခုဟာ ကိုယ့်လုပ်ငန်းတစ်ခုတည်း ရပ်တည်နေလို့မရဘူး။ လုပ်ငန်းအောင်မြင်ရေးအတွက် ပူးပေါင်းပြီးလုပ်ရမယ့် တခြားလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ လူတွေရှိတယ်။ ကိုယ့်ကွန်ယက်ကျယ်နိုင်သမျှ ကျယ်လေလေကောင်းလေဘဲ။ အထူးသဖြင့် အဖွဲ့အစည်းတွေကို ဦးစားပေးရောင်းချတဲ့လုပ်ငန်း (B2B ဈေးကွက်မှာ) ကွန်ယက်နဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားနိုင်ခြင်းက အရေးကြီးတယ်။ ကွန်ယက်ချဲ့ပါ။ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ပါ။

၉) လေ့ကျင့်ရေး

အရောင်းသမားတွေကို လေ့ကျင့်သင်ကြားတဲ့ အစီအစဥ်ကို သေချာ ထည့်သွင်းစဥ်းစားပါ။​ ဈေးကွက်ထဲမှာတွေ့ရလေ့ရှိတာကတော့ အရောင်းသမားခေါ်ပြီးရင် တခါတည်း လွှတ်ပေးလိုက်တာမျိုးတွေ တွေ့ရတတ်တယ်။ တချို့က အလုပ်မှာ တခါတည်း တွဲလုပ်ရင်းသင်ကြားတာမျိုးတွေလုပ်ကြတယ်။ တကယ်ဖြစ်သင့်တာကတော့ အရောင်းသမားတွေကို သက်ဆိုင်ရာ ရာထူးအလိုက် တတ်ထားသင့်တာ၊ သိထားသင့်တာတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးတာမျိုးလုပ်သင့်တယ်။ ဒါအပြင် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ဈေးကွက်နဲ့ သက်ဆိုင်တာတွေ၊ နည်းပညာတွေ အပြောင်းအလဲ၊ လုပ်ငန်းစဥ် အပြောင်းအလဲ စတာတွေကို စနစ်တကျ လေ့ကျင့်သင်ကြားတာမျိုး လုပ်သင့်တယ်။

“တပ်သားတွေကို လေ့ကျင့်မှုမရှိဘဲ စစ်တိုက်ခိုင်းတဲ့ စစ်သူကြီး” လို မဖြစ်ဖို့လိုပါတယ်။

(အရောင်းဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက်ဆိုရင် Better Version Corporate Training စုံစမ်းနိုင်ပါတယ်။)

၁၀) 3D (အချက်အလက် အခြေပြု ဆုံးဖြတ်ချက်ချမှတ်ခြင်း) ကို လေ့ကျင့်ပါ။

များသောအားဖြင့် အတွေ့အကြုံများလာလေလေ စိတ်ခံစားချက်ကို ဦးစားပေး၊ ကိုယ်ထင်တဲ့အတိုင်း ဆုံးဖြတ်ချက်ချလိုက်ကြတာမျိုးတွေ့ရတတ်ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အတွေ့အကြုံဟာ အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ ဒါပေမယ့် အချက်အလက်မပါဘဲ စိတ်ခံစားချက်သက်သက်နဲ့ ချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှားဖို့ ပိုများမယ်။ နောက်ပြီးတော့ အချက်အလက်ကို ဘယ်လိုစုဆောင်းမယ်၊ ဘယ်လိုခွဲခြမ်းစိတ်ဖြာမယ်၊ ဘယ်လိုပုံဖော် ဆုံးဖြတ်မယ်ဆိုတာတွေကို အခုကတည်း ပြင်ဆင်ထားသင့်တယ်။

၁၁) ရေရှည်တည်တံ့မှု ရှေးရှု

ကမ္ဘာကြီးက ပိုပူလာတယ်။  ယဥ်ကျေးမှုတွေ ပပျောက်လာတာတွေရှိလာတယ်။ စီးပွားရေးမှာ အကျိုးအမြတ်ခွဲဝေမှု မညီမျှတာတွေလဲ ရှိလာတယ်။ ဒါကြောင့် လူတွေဟာ အဖက်ဖက်မှာ ရေရှည်တည်တံ့မှု (Sustainability) ကိုထည့်သွင်းစဥ်းစားလာကြတယ်။ ထည့်သွင်းစဥ်းစား အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေကို ပိုပြီး ဦးစားပေးလာတယ်။ ထောက်ခံအားပေးမှုတွေလုပ်လာကြတယ်။

၁၂) အလိုအလျောက် စနစ်၊ CRM သုံးဖို့ ပြင်

နည်းပညာတိုးတက်လာတာနဲ့အမျှ မားကက်တင်း၊ အရောင်း၊ ဝန်ဆောင်မှု အပြင် စီးပွားရေးလုပ်ငန်းစဥ်တွေကို အလိုအလျောက် လုပ်ပေးနိုင်တဲ့ စနစ်တွေရှိလာတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အချက်အလက် စုဆောင်းမှု၊ ဝယ်သူတစ်ယောက်ချင်းစီအလိုက် သီးသန့် ဝန်ဆောင်မှု၊ ကမ်းလှမ်းချက်တွေလုပ်တွေအကုန်လုံးကို လုပ်ဆောင်ဖို့အတွက် CRM (ဝယ်သူ၊ ဖောက်သည် ဆက်ဆံရေး စီမံခန့်ခွဲရေးစနစ်) တွေကို အသုံးပြုပါ။

၁၃) စဥ်ဆက်မပြတ် ပြောင်းလဲမှု စနစ်၊ ယဥ်ကျေးမှု

“မပြောင်းလဲတာဆိုလို့ ပြောင်းလဲခြင်း ဘဲရှိတယ်။” ဆိုသလို ကိုယ်ကြိုက်ကြိုက်၊​ မကြိုက်ကြိုက်၊ ကိုယ့်လုပ်ငန်းအတွက် ကောင်းကောင်း၊ မကောင်းကောင်း အပြောင်းအလဲဟာ ဖြစ်နေမှာဘဲ။ ကိုယ်တိုင် ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့ အကြောင်းအရင်းတွေကို စိတ်ပျက်နေမယ့်အစား အလိုက်သင့် လိုက်ပြောင်းလဲနိုင်မယ့် စနစ်၊ ယဥ်ကျေးမှုမျိုးကို ကိုယ့်ရုံးမှာ တည်ဆောက်ဖို့လိုပါတယ်။ တချို့ရုံးတွေမှာ ဖောင်မှာ အချက်အလက်လေး ပြင်တာကအစ တခြား ဌာနတွေက လိုက်မပြောင်းနိုင်လို့ အစည်အဝေးခေါ်၊ ပွတ်တိုက်မှုတွေဖြစ်တာမျိုးတွေ့ရတတ်တယ်။ ပြောင်းလွယ်ပြင်လွယ် အလိုက်သင့် စီးမျောနိုင်မယ့် စနစ် ယဥ်ကျေးမှုကို တည်ဆောက်ပါ။​

သင်နဲ့ သင့်လုပ်ငန်း စဥ်ဆက်မပြတ် တိုးတက်နေဖို့

နောက်တစ်ဆင့် တက်လှမ်းဖို့ Better Version ရှိပါတယ်။

Better Version Page ကို follow လုပ်ထားပါ။

အခမဲ့ သင်တန်းတွေ တက်ချင်တယ်ဆိုရင်

Better Version Myanmar App ကို ဒေါင်းထားပါ။

Android – https://play.google.com/store/apps/details?id=net.betterversion.better_version

iOS (Apple) – https://apple.co/3RMefXA 

Corporate Training များအတွက် 09 880 90 2556 ကိုဆက်သွယ်ပါ။

Sharing is Sexy