Skip to content
Min Than Htut
Home » My Insights » ယောဂလေ့ကျင့်ခန်းက နေရတဲ့ ဘဝအတွေးအမြင်တချို့

ယောဂလေ့ကျင့်ခန်းက နေရတဲ့ ဘဝအတွေးအမြင်တချို့

ယောဂ

ယောဂ ရဲ့ သဘောတရားတွေကို အခြေခံပြီး ဘဝနေနည်းတချို့ စဥ်းစားမိလာတွေရှိပါတယ်။ ရေးမယ်ဆိုရင်တော့  ရှုထောင့်တွေအများကြီးရှိတဲ့အတွက် ခေါင်းစဥ်တွေခွဲရင် တော်တော်များနိုင်ပါတယ်။

ဒီပိုစ့်မှာ ခန္ဓာကိုယ်လေ့ကျင့်ခန်း (အာစာဏ – Asana) နဲ့ ပတ်သက်တဲ့ ရှု့ထောင့်ကနေ စဥ်းစားမိတာတွေပေါ့။

ယောဂ ကျင့်စဥ်တွေအများကြီးရှိပါတယ်။ ယောဂလို့ ပြောလိုက်ရင် တော်တော်များများ တန်းမြင်မိကြတာက ကင်းမြီးကောက်ထောင်တာ၊ ခြေတစ်ချောင်းထောက် မတ်တပ်ရပ်နေတာမျိုးနဲ့ ပတ်သက်တဲ့ အာစာဏ – ယောဂလေ့ကျင့်ခန်းဖြစ်မယ်။

ကိုယ်ခန္ဓာလေ့ကျင့်ခန်း၊ အားကစား အမျိုးအစားတိုင်းမှာ ရည်ရွယ်ချက် ငါးမျိုးရှိတယ်။

  • ကြွက်သားတွေ သန်မာလာဖို့
  • နှလုံးကျန်းမာရေး
  • ပျော့ပျောင်းမှု
  • ကြာရှည်တောင့်ခံနိုင်စွမ်း
  • သွက်လက်မှု

ယောဂလေ့ကျင့်ခန်းဟာ သွက်လက်မှုက လွဲရင် ကျန်တဲ့ လေးခုလုံးရနိုင်ပါတယ်။

ယောဂ ကစားကွက်တွေ စဥ်တဲ့အခါမှာ ကစားမယ့်လူရဲ့ အခြေအနေ၊ အချိန်ကာလ​နဲ့  ရည်ရွယ်ချက်တွေကို ထည့်သွင်းစဥ်းစားရတယ်။

ယေဘုယျအားဖြင့်

၁) သန်မာမှု ဦးစားပေး

၂) ပျော့ပျောင်းမှု ဦးစားပေး

၃) မျှခြေ ဦးစားပေး

၄) အနားယူ ဖြေလျော့မှု ဦးစားပေး ဆိုပြီးခွဲနိုင်တယ်။

ဘဝမှာ ဒီလေးခုလုံးလိုတယ်။

လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊​ စွမ်းအင်ပိုင်းဆိုင်ရာမှာ အားကောင်း သန်မာနေဖို့လိုတယ်။ ဒါပေမယ့် သန်မာမှု တစ်ခုတည်းက အလုပ်မဖြစ်နိုင်ပြန်ဘူး။

ပျော့ပျောင်းမှု လဲ လိုသေးတယ်။ ဒီနေရာမှာ ပျော့ပျောင်းတယ်ဆိုတာကို ပြောင်းလွယ်ပြင်လွယ် အလိုက်သင့် စီးမျောတတ်တာကို ဆိုလိုတယ်။ လောကကြီးက ကိုယ်မှန်းထားတဲ့အတိုင်း၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်နေမှာ မဟုတ်တဲ့အတွက်ကြောင့် အခြေအနေပေါ်မှာ မူတည်ပြီးတော့ ပြောင်းလွယ်ပြင်လွယ် အလိုက်သင့် စီးမျောတတ်ဖို့ လိုလာပြန်တယ်။ အတ္တမဟုတ်ဘူး.. အနတ္တ။

ယောဂကို ဘာသာပြန်ကြတဲ့အခါမှာ မျှတခြင်းလို့ ပေါင်းစည်းခြင်းလို့ ပြန်တာတွေရှိတယ်။ သဘောကတော့ လောကကြီးမှာ အဖို အမ၊ အကောင်း အဆိုး၊ နေ့ ည၊ ယင် ယန် စသည့်ဖြင့် နှစ်ခု တွဲစပ်တဲ့ သဘောရှိတယ်။ ဒီအရာတွေဟာ မျှတမှုရှိရင်ကောင်းမယ်။ တဖက်စောင်းနင်း ဖြစ်ခြင်းဟာ ဘယ်နေရာမှ မကောင်းဘူး။ နှစ်ဘက်ရဲ့ ပေါင်းစည်းခြင်းကို ရနိုင်ရင် အကောင်းဆုံးဘဲ ဆိုတဲ့ သဘောပါ။

ပျော့ပျောင်းမှု တစ်ခုတည်းဟာ မျှခြေမရစေဘူး။ မျှခြေလိုချင်ရင် သန်မာမှု နဲ့ ပျော့ပျောင်းမှု ပေါင်းမှရနိုင်တယ်။

အနားယူ ဖြေလျှော့မှု ရှိဖို့လိုတယ်။ တခါတလေ ရုံးမှာ မဟုတ်တော့ပေမယ့် အလုပ်ကိစ္စခေါင်းထဲ ထည့်ထားပြီး နေနေတာမျိုးဟာ ရုပ်ပိုင်းဆိုင်ရာ အနားယူတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ အနားရမနေဘူး။ အဲဒီတော့ ရုပ်ကော၊ စိတ်ကော၊ စွမ်းအင်ကောကို ငြိမ်သက် အနားယူတတ်ဖို့လိုလာတယ်။ ဒါမှ နောက်ပိုင်း လုပ်စရာရှိတာတွေကို အင်းအားအပြည့်နဲ့ လုပ်နိုင်မှာ ဖြစ်ပါတယ်။

သန်မာတဲ့ လူဖြစ်ပါစေ။ စီးမျောတတ်ပါစေ။ မျှခြေရှိပါစေ။ ပေါ့ပါးစွာ ဖြတ်သန်းတတ်ပါစေ။

Sharing is Sexy